Local News

ဒူးရင်းသီးရောင်းချရမှုအမြင့်ဆုံးရာသီတွင် အရည်အသွေးမြင့်ဒူးရင်းသီးဈေးနှုန်းများ တည်ငြိမ်လျှက်ရှိနေ

Last Updated:

 

ဒူးရင်းသီးသည် တရုတ်နိုင်ငံစားသုံးသူများအကြား လူကြိုက်အများဆုံး သွင်းကုန် သစ်သီးဝလံ တစ်မျိုး ဖြစ်ကာ တရုတ်နိုင်ငံတွင် ဒူးရင်းသီးဝယ်လိုအားမှာ မြင့်တက်လျှက်ရှိသည်။ ယခုနှစ် မေလအတွင်း ဒူးရင်းသီးရောင်းဝယ်မှုများ အမြင့်ဆုံးရာသီသို့ ရောက်ရှိလာခဲ့ကာ ဈေးကွက်တွင် စုစုပေါင်း ရောင်းလိုအား ဝယ်လိုအားပမာဏများ မြင့်တက်လာခဲ့သည်။ ဈေးကွက်တွင် ရောင်းဝယ် ဖောက်ကားသူများ၏အဆိုအရ လက်ရှိဒူးရင်းသီးဈေးနှုန်းသည် အရည်အသွေး၊ မူရင်းထွက်ရှိ ဒေသနှင့်အမျိုးအစားတို့ပေါ်တွင် မူတည် နေကြောင်း၊ အရည်အသွေးမြင့်အမျိုးအစားများမှာ ဈေးနှုန်းခိုင်မာနေပြီး အရည်အသွေးနိမ့် အမျိုးအစား များမှာ ဈေးနှုန်းနိမ့်ကျလျှက်ရှိကြောင်း သိရှိရ ပါသည်။

အဓိကအချက်မှာ ထိုင်းနိုင်ငံအရှေ့ပိုင်းမှ ဒူးရင်းသီးရောင်းချနိုင်မှုများ ကျဆင်းလာပြီး ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဒူးရင်းသီးထုတ်လုပ်မှုဧရိယာများမှ အရေအတွက်များစွာ စတင် ရောင်းချမှု မရှိ သေးခြင်းကြောင့်ဖြစ်ကြောင်း၊ အရှေ့ဘက်ပိုင်းရှိ ဒူးရင်းသီးအဝယ်ဈေးနှုန်းများ ဆက်လက် မြင့်တက်လျှက်ရှိခြင်းကြောင့် တရုတ်နိုင်ငံဘက်တွင် ဈေးနှုန်းမြင့်တက်မှုရှိနေကြောင်း၊ သိရှိရ ပါသည်။ ဇူလိုင်လတွင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဒူးရင်းသီးများစွာ ဈေးကွက်သို့ ဝင်ရောက် လာမည်ဖြစ်ပြီး အရည်အသွေးနှင့် အရသာမှာမူ အရှေ့ပိုင်းထက် အနည်းငယ်နိမ့်ကျကာ ဈေးနှုန်း လည်းကျဆင်းနိုင်မည်ဟု မျှော်လင့်ထားရှိပါသည်။

မကြာသေးမီနှစ်များအတွင်းက အရှေ့တောင်အာရှနှင့်အခြားဒူးရင်းသီးထုတ်လုပ်သည့် နိုင်ငံများ သည် တရုတ်နိုင်ငံ၏ ကြီးမားသောဈေးကွက်ကို ဦးတည်လာကြကာ တရုတ်စားသုံးသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး တရုတ်နိုင်ငံ ဈေးကွက်ဝေစုရယူရန် တရုတ်ဈေးကွက်သို့ ဒူးရင်းသီးများ တင်ပို့လာကြပါသည်။ လတ်ဆတ်သောဒူးရင်းသီးများသည် အေးခဲဒူးရင်းသီး များထက် သယ်ယူပို့ဆောင်မှုပိုင်းနှင့် သိုလှောင်ထိန်းသိမ်းမှုပိုင်းတွင် ပိုမိုခက်ခဲမှုများရှိကာ  ၂၀၂၂ခုနှစ်မတိုင်မီအထိ ထိုင်းနိုင်ငံတစ်နိုင်ငံသာ တရုတ်နိုင်ငံသို့ လတ်ဆတ်နှင့်အေးခဲဒူးရင်းသီးများ တင်ပို့နိုင်ခဲ့ပါသည်။ အခြားအရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသည့် မလေးရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် တရုတ်နိုင်ငံသို့ အေးခဲဒူးရင်းသီးများသာတင်ပို့နိုင်ကြပြီး တရုတ်နိုင်ငံ အနေဖြင့်လည်း  နေရာများစွာမှ ဝယ်ယူတင်သွင်းနိုင်ရန် ၎င်း၏ သွင်းကုန်တင်သွင်းမှုပုံစံကို စိစစ်သုံးသပ်လျှက်ရှိပါ သည်။

၂၀၂၂ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံ၏ဈေးကွက်လိုအပ်ချက်များနှင့်ကိုက်ညီသော ဗီယက်နမ် နိုင်ငံမှ လတ်ဆတ် ဒူးရင်းသီးများကို ခွင့်ပြုပေးခဲ့ကာ ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံမှ တင်သွင်းသောဒူးရင်းသီးများကို ခွင့်ပြုပေးခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတစ်ခုတည်းမှ ဝယ်ယူ တင်သွင်းမှုပုံစံကို ပြောင်းလဲ၍ အခြားဝယ်ယူရရှိနိုင်မည့်နိုင်ငံများမှလည်း တိုးချဲ့ဝယ်ယူ ရန်ဆောင်ရွက်လာပါသည်။ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံမှ ဒူးရင်းသီးများကို တင်သွင်းခွင့်ပြုပေး ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံတွင် ဒူးရင်းသီးရောင်းချမှုဈေးကွက်တိုးတက်မြင့်မားလာပြီး တစ်နှစ် ပတ်လုံး လတ်ဆတ် ဒူးရင်းသီးများကို ရောင်းဝယ်ဖောက်ကားမှုပြုလုပ်လာနိုင်ပါသည်။

ဗီယက်နမ်နိုင်ငံသည် ရေတိုကာလတွင် ထိုင်းနိုင်ငံထက် သယ်ယူပို့ဆောင်မှုစရိတ်၊ ထောက်ပံ့ ပို့ဆောင်မှုအချိန်နှင့် ဈေးနှုန်းပိုင်းတို့တွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာနိုင်သော်လည်း အကောက်ခွန် ရှင်းလင်းခြင်းအဆင်ပြေလွယ်ကူစေမှု၊ အရည်အသွေးနှင့် ရောင်းချမှုကွင်းဆက်တည်ဆောက်မှုပုံစံ များတွင် ထိုင်းနိုင်ငံထက် နောက်ကျကျန်နေခြင်းများရှိကြောင်း သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ဒူးရင်းသီးထုတ်လုပ်နိုင်မှုအဆင့်အတန်းသည် ထိုင်းနိုင်ငံနှင့်ဗီယက်နမ် နိုင်ငံ ထက် အရည်အသွေးနိမ့်ကျနေပြီး ဒူးရင်းသီးပို့ကုန်စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေ များမှာလည်း အဆိုပါနိုင်ငံများလောက် ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရပါသည်။

လက်ရှိတရုတ် နိုင်ငံဒူးရင်းသီးဈေးကွက်ဝေစုပြိုင်ဆိုင်နေမှုအခြေအနေအရ ထိုင်းနိုင်ငံမှ ဒူးရင်းသီး များတရုတ်နိုင်ငံ ဈေးကွက်တွင် နေရာရယူထားမှုသည် ရေတိုကာလတွင် အခက်အခဲများ ရှိနေနိုင်ပြီး ရေရှည်ကာလတွင် အရည်အသွေးကောင်းမွန်ပြီး စရိတ်သက်သာစွာဆောင်ရွက် ပေးနိုင်သည့်နိုင်ငံများ အနေဖြင့် တရုတ်နိုင်ငံဈေးကွက်ဝေစုပိုမိုရရှိနိုင်မည်ဟု သုံးသပ်ထားကြောင်း သိရှိရပါသည်။

ရင်းမြစ်- China Fruit Marketing Association

Category: Local News